Actions

Work Header

Rating:
Archive Warnings:
Category:
Fandom:
Relationship:
Characters:
Additional Tags:
Language:
မြန်မာဘာသာ
Stats:
Published:
2025-10-24
Words:
1,039
Chapters:
1/1
Comments:
4
Kudos:
5
Hits:
197

ဆူးပုံနင်းမိချေပြီ

Work Text:

ကျူးယန့်တစ်ယောက် ကျောက်ဖျာထက်၌ထိုင်လျက် စီးဆင်းကျနေသည့်ရေတံခွန်လေးကိုကြည့်ကာ စိတ်အပန်းဖြေနေမိသည်။ ရေသံ၊ ငှက်ကလေးတို့၏ကျီကျီကျာကျာအော်မြည်သံလေးတို့ကြောင့် စိတ်အကြည်ရှင်းသန့်သွားရသည်။ မျက်‌လုံးလေးစုံမှိတ်ကာ သက်ဝင်လှုပ်ရှားနေသည့်ပတ်ဝန်းကျင်အား ငြိမ်သက်စွာခံစားနေလေ၏။

ထိုစဉ် တားထားသည့်အစီအရင်‌မှာ လှုပ်ခတ်လာသဖြင့် ကျူးယန့်သည် ချက်ချင်းပင်မျက်လုံးတို့ဖွင့်လိုက်ပြီး ထိုင်နေရာမှထကာ မိစ္ဆာတောအုပ်စပ်ပိုင်းသို့ လျင်မြန်စွာပြေးထွက်သွားတော့သည်။ သူရောက်ရောက်ချင်းမြင်လိုက်ရသည်က လူတစ်ယောက်။ ဝမ်းဗိုက်တွင်ဒဏ်ရာရထားပြီး သွေးတို့ထွက်နေသည့်ထိုလူမှာ အပြာရောင်တောက်ပနေသောဓါးတစ်ချောင်းကိုကိုင်ကာ သူ့အနောက်မှပြေးလိုက်လာသည့် လူအုပ်ဆီမှ ထွက်ပြေးနေပုံပေါ်သည်။

တစ်ယောက်နှင့်အများဖြစ်နေ၍ ကျူးယန့်လည်း မကြည့်ရက်တော့ဘဲ ဒဏ်ရာရနေသည့်လူအနားသို့သွားကာ ထိုလူ၏လက်လေးအား သူ့လက်တစ်ဖက်ဖြင့်ထိန်းကိုင်ပေးလိုက်သည်။ တစ်ဖက်လူသည် ကျူးယန့်၏မျက်ဝန်းတို့ကို ပင်လယ်ပြာရောင်မျက်လုံးတို့ဖြင့် စိုက်ကြည့်လာ၏။ သို့သော် ကျူးယန့်သည် သူ့အား စိတ်မဝင်စားနိုင်သေးဘဲ ပြေးလိုက်လာသည့်လူအုပ်ဆီသို့ မျက်နှာမူလိုက်ပြီး

"မင်းတို့စည်းကျော်လာပြီ..ကိုယ့်ဘာသာပြန်ကြမလား..ငါမင်းတို့ကိုပြန်ပို့ပေးရမလား"

ထို့နောက် ကျူးယန့်ဟာ လက်တစ်ဖက်ဆန့်တန်းထုတ်လိုက်သည်နှင့် သူ့လက်ထဲတွင် ထီးတစ်ချောင်းမှာ ဝင့်ကြွားစွာဖြင့် ထွက်ပေါ်လာသည်။

"ငါပြန်ပို့ရင်တော့ အလောင်းပဲအိမ်ပြန်ရောက်သွားလိမ့်မယ်နော်"

တစ်ကိုယ်လုံးအား နီညိုရောင်မိစ္ဆာအစွမ်းတို့ဖြင့် ဖုံးလွှမ်းစေလိုက်သောကြောင့် ထိုလူအုပ်မှာလည်း ကြောက်လန့်တကြား လာရာလမ်းအတိုင်း ထွက်ပြေးကြတော့သည်။

ကျူးယန့်သည် နှုတ်ခမ်းလေးကွေးညွတ်တက်လျက် သူ့ကိုယ်သူဂုဏ်ယူစွာဖြင့် ပြုံးလိုက်မိသည်။ ထိုစဉ် သူထိန်းကိုင်ထားသည့်လူသားမှာ သတိလစ်သွားသဖြင့် မြေပြင်ပေါ်သို့လဲကျတော့မည်အပြု ကျူးယန့်သည် ထိုလူသားအား တစ်ဖန်ချီပွေ့လိုက်ရပြန်သည်။

'အယ် သူ့ကိုကျ ငါဘယ်လိုလုပ်ရမှာလဲ'

မျက်ခုံးလေးတို့တွန့်ချိုးကာ စဉ်းစားရကျပ်သွားသည့်ကျူးယန့်တစ်ယောက်။ မိစ္ဆာနယ်မြေထဲသို့ စည်းဖောက်လာသည့်လူသားတို့ကြောင့် သူအပြေးအလွှားလာခဲ့ရသော်လည်း အများနှင့်တစ်ယောက် မမျှမတဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ သူဝင်ပါခဲ့ရပြီး ယခုအခါတွင်တော့ သူ့လက်ပေါ်ရှိလူသားကြောင့် ကျူးယန့်သည် သူ့ကိုယ်သူပဲ အပြစ်တင်နေမိတော့သည်။

'ကျူးယန့်ရေ သူရဲကောင်းဝင်လုပ်ချင်ဦး'

လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး မြေပြင်ပေါ်၌ သူချထားရသည့်ထီးအား ပြန်လည်ကွယ်ပျောက်စေကာ ထိုလူသားအား သူနေထိုင်ရာဆီသို့ ပွေ့ချီသွားတော့သည်။

____________

"လူသားလေး... နိုးလာပြီလား"

ကျော်ရိချန်မှာ မျက်လုံးတို့ပွင့်ပွင့်ချင်း မြင်လိုက်ရသည့် မဲမဲလုံးလုံးကြီးကြောင့် ကြောက်လန့်တကြားဖြင့် ထထိုင်လိုက်ပြီး သူ၏ဓါးအား လက်ဖြင့်စမ်းလိုက်သော်

"ဒါကိုရှာနေတာလား"

ထိုမဲမဲလုံးလုံးကြီးသည် သူ့လက်ထဲသို့ တိမ်လွှာအလင်းဓါးကို ထည့်ပေးလာသည်။ ရိချန်သည် မည်သည့်စကားမျှမပြောနိုင်ဘဲ သူ့မျက်လုံးတို့ကိုသာ ပွတ်သပ်မိလိုက်၏။ တစ်ဖန် ပြန်လည်ကြည့်လိုက်သော် အမဲရောင်မျက်နှာဖုံးတပ်ထားသည့် လူတစ်ယောက်။ မဟုတ်သေး။ တိမ်လွှာအလင်းဓါး၏ရောင်ပြန်အလင်းရောင်ကြောင့် ထိုလူသည် လူသားမဟုတ်ကြောင်း ရိချန်ခန့်မှန်းမိလိုက်သည်။

"ဒါ...ဘယ်နေရာလဲ..."

"ငါ့အိမ်လေ"

ရိချန်သည် တစ်ဖက်လူ၏စကားကိုပင် ပြန်မတုံ့ပြန်တော့ဘဲ ထရပ်မည်ပြုလိုက်စဉ် ဝမ်းဗိုက်မှထိုးအောင့်လာသဖြင့် ပြန်လည်လဲကျ‌သွားတော့သည်။

"မထနဲ့ဦး... မင်းဒဏ်ရာကြီးက ကောင်းသေးတာမဟုတ်ဘူး"

ပြောပြောဆိုဆို သူ့အား အိပ်ရာထက်သို့ပြန်လည်ပွေ့တင်လိုက်သည့် ထိုလူကြောင့် ရိချန်မှာ နာကျင်လျက်ဖြင့် ထိုလူ၏ဝတ်ရုံကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်မိသည်။

"ဒီပေါ်မှာပဲနေ... မင်းပြန်ကောင်းလာတဲ့အခါကျ ကိုယ့်အိမ်ကိုယ်ပြန်"

"မင်း...ဘယ်သူလဲ..."

ရိချန်သည် ဝမ်းဗိုက်ကိုကိုင်လျက် ထိုလူအား မေးလိုက်၏။

"သိစရာမလိုပါဘူး... မင်းသက်သာတာနဲ့ ငါမင်းကို စည်းအနားပြန်ပို့ပေးမယ်"

ကျူးယန့်မှ တစ်ဖက်သို့လှည့်မည်အပြု ရိချန်သည် ရုတ်တရက်အားယူထလာကာ သူ့မျက်နှာဖုံးအား ဖယ်ရှားလိုက်သည်။

"မင်း!!"

"ရုပ်ဆိုးလို့ မျက်နှာဖုံးတပ်ထားတာပဲ"

ကျော်ရိချန်သည် သူ့အား ဇောင့်တိဇောင့်ကန်းပြောနေသည့်ကျူးယန့်ကြောင့် တပ်ထားသည့်မျက်နှာဖုံးကိုခွာချလိုက်ပြီး ထိုကဲ့သို့ပြောလိုက်ခြင်းဖြစ်သည်။ ကျူးယန့်မှာတော့ သူတစ်သက်လုံးဂုဏ်ယူလာခဲ့ရသည့်မျက်နှာလေးအား ယနေ့မှတွေ့ဖူးသည့်လူသားတစ်ယောက်၏ ဆိုးဆိုးရွားရွားပြောခြင်းကိုခံလိုက်ရသဖြင့် မျက်နှာတစ်ခုလုံးနီရဲကာ ပေါက်ကွဲထွက်တော့မည့်အလား။

"မင်းကများ"

ကျူးယန့်သည် ဒေါသတို့ကြောင့် ရိချန်အား တစ်ခုခုလုပ်ရန်ပြင်လိုက်စဉ် မလုပ်ရသေးခင်မှာဘဲ ပစ်လဲကျသွားသည့်ရိချန်ကြောင့် ‌ထွက်နေသောဒေါသတို့ပင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့သည်။

"လုပ်ဦး...ငါ့ဗိုက် တအားနာနေပြီ..."

ရိချန်၏မျက်နှာတစ်ခုလုံးသည် ချက်ချင်းပင် ချွေးစီးတို့ဖြင့်ပြည့်နှက်နေ၏။ ကျူးယန့်လည်း မနေနိုင်တော့ဘဲ ရိချန်အရှေ့သို့ထိုင်ချလိုက်ပြီး ရိချန်အား ထူမလိုက်ကာ သူ့ပခုံးပေါ်တွင် ရိချန်၏ခေါင်းလေးတင်လျက် ကျောပြင်အား လက်ဖြင့်ခပ်ဖွဖွပွတ်သပ်ကာ မန္တန်တစ်ခုကိုလည်း ရွတ်ဆိုနေတော့သည်။ ထိုမှသာ ရိချန်သည် နာကျင်မှုတို့ပပျောက်သွားသည်ကို ခံစားလိုက်ရ၏။

"မင်းငြိမ်ငြိမ်နေ... လှုပ်တာနဲ့ဒဏ်ရာက ပြန်အနာရင်းလာလိမ့်မယ်"

ကျူးယန့်တစ်ယောက် မျက်မှောင်ကုတ်ကာ ပြန်ထမည်အပြု ရိချန်သည် သူ့ခါးလေးအား တင်းတင်းကျပ်ကျပ် သိုင်းဖက်လိုက်သည်။

"မလှုပ်နဲ့ဆို...မင်းထလိုက်ရင် ငါလှုပ်သွားလိမ့်မယ်... ဒီအတိုင်းပဲနေရအောင်"

"ဒီလူမသားကတော့"

ကျူးယန့်၏ဆဲရေးသံကိုပင် ရိချန်အာရုံမထားနိုင်တော့ပါ။ ဖက်ထားသည့်အတိုင်းလေး ကျူးယန့်၏ပခုံးထက်တွင်ခေါင်းတင်လျက် အိပ်မောကျသွားတော့သည်။ ကျူးယန့်တစ်ယောက် ထိုတစ်ညလုံး ရိချန်ဖက်ထားသည့်အတိုင်းလေး ထိုင်နေပေးရတော့၏။

____________

မနက်မိုးလင်းသော် ပခုံးပေါ်ရှိလူမသားတစ်ယောက် လှုပ်စိလှုပ်စိဖြစ်လာသဖြင့် ကျူးယန့်လည်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။ နောက်ဆုံးတော့ သူလွတ်မြောက်နိုင်တော့မည်ဟူ၍ပင်။

"ငါ့ကိုလွှတ်ပေးတော့"

"ခဏလေးပါပဲ ကောရယ်...ကျွန်တော်အိပ်ချင်သေးလို့"

ကျူးယန့်သည် ထိုလူသား၏ ‌"ကော" ဟူသောနာမ်စားကြောင့် ခေတ္တခဏငြိမ်သက်သွားမိသည်။ ထို့နောက် အသိပြန်ဝင်လာပြီး သူ့ပခုံးပေါ်ရှိ ထိုလူသား၏ခေါင်းကိုပင့်ကိုင်လိုက်ကာ လှုပ်ယမ်းလိုက်သည်။

"ထ.တော့.လို့!!!"

ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး အိပ်မှုန်စုပ်မွှားဖြစ်နေသည့်လူပင် ချက်ချင်းကြောင်အမ်းအမ်းဖြင့် ထရပ်သွားမိတော့သည်။

"အား"

ရုတ်တရက်ထရပ်လိုက်မိသဖြင့် ဝမ်း‌ဗိုက်ရှိဒဏ်ရာသည် စူးခနဲအောင့်တက်သွားကာ ရိချန်ခမျာ မျက်နှာလေးရှုံ့မဲ့သွား၏။ ထိုအခါမှ ကျူးယန့်လည်း ပြာပြာသလဲဖြင့် ရိချန်၏ဝမ်းဗိုက်အား အယောင်ယောင်အမှားမှား ထိတွေ့လိုက်မိတော့သည်။

"နာနေသေးလား..."

အနီရင့်ရောင်မိစ္ဆာအစွမ်းတို့ကို ဒဏ်ရာအတွင်းသို့စိမ့်ဝင်စေပြီး သူ့အား မျက်ဝန်းဝိုင်းဝိုင်းတို့ဖြင့် မော့ကြည့်လာသည့် အနှီမိစ္ဆာကြောင့် ရိချန်သည် အနည်းငယ်ပြုံးမိသွားသည်။

"မင်းကြောင့် မနာတော့ဘူး..."

ကျီစယ်သည့်အသံဖြင့်ပြောနေသောကြောင့် ကျူးယန့်သည် မျက်ခုံးတို့တွန့်ချိုးပစ်လိုက်ပြီး သူ့လက်အား ထိုလူမသား၏ဝမ်း‌ဗိုက်ပေါ်မှ ဖယ်ရှားပစ်လိုက်၏။

"မနာရင်ပြန်တော့"

"ပြန်လို့မဖြစ်ဘူး"

ဤတစ်ကြိမ်တွင်တော့ ထိုလူသား၏အသံမှာ တည်ငြိမ်သွားသဖြင့် ကျူးယန့်ကြည့်လိုက်သော် ခက်ထန်သည့်မျက်ဝန်းတို့။ ထိုမျက်ဝန်းတို့ထဲတွင် အေးစက်မှုတို့ကိုပါ မြင်လိုက်ရသေးသည်။

"လုပ်စရာတွေရှိသေးတယ်"

ထိုလူသားမှ စကားဆက်လာသည်။ ကျူးယန့်လည်း သိချင်စိတ်ကြောင့် မေးလိုက်၏။

"ဒီမိစ္ဆာနယ်မြေထဲမှာလား"

သူ့အမေးစကားအား တစ်ဖက်လူသည် ပြန်ဖြေမလာခဲ့ပါ။ ထိုလူသည် ရွှင်ပြသောအပြုံးမျက်နှာလေးဖြင့် သူ့အား ကြည့်လာသည်။

"ငါ့ရဲ့ဒဏ်ရာ လုံးဝမကောင်းမချင်း ဒီမှာနေလို့ရမလား"

ကျူးယန့်သည် ထိုလူသား၏တောင်းဆိုမှုအား အတန်ကြာစဉ်းစားနေမိ၏။ ထိုအချင်းအရာကိုသိသည့်ရိချန်မှာလည်း ထပ်မံဖြည့်စွက်ဆိုလိုက်သည်။

"အခုချက်ချင်းပြန်သွားရင် မပြောနိုင်ဘူး ဟိုလူတွေ စည်းအပြင်ဘက်မှာ ငါ့ကိုစောင့်‌ချင်စောင့်နေမှာ... မင်းအဲ့လောက်တော့ မရက်စက်ဘူးမလား"

သူ့လိုမိစ္ဆာအား ကြင်နာသနားဖို့ ထိုလူသားသည် လာပြောနေသဖြင့် ရူးများရူးသွားပြီလားဟုပင် ကျူးယန့်တွေးလိုက်မိသည်။ သို့သော် သူပြောသည့်စကားအတိုင်း အကယ်၍ မနေ့ညကလူအုပ်သည် ထိုလူကိုစောင့်နေပါလျှင်။ ကျူးယန့်တစ်ယောက် ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး အတွေးတို့အား ဖယ်ရှားပစ်လိုက်သည်။

"ရတယ်... ဒါပေမဲ့ မင်းဒဏ်ရာပျောက်သွားတာနဲ့ ချက်ချင်းပြန်ရမယ်"

တစ်ဖက်လူသည် သူ့အား လှပစွာပြုံးရယ်ပြလာသည်။ ယခုမှသူကြည့်မိ၏။ ထိုလူသားတွင် ပင်လယ်ပြာရောင်မျက်လုံးတို့ ရှိနေသည်။ ပြုံးရယ်လိုက်တိုင်း ဖြူဖွေးသည့်သွားအစုံသည် ပုလဲလုံးလေးတို့အတိုင်း စီရီစွာလှပနေ၏။ ဖြူဖွေးသည့်အသားအရေ။ ခပ်မြင့်မြင့်ထုံးထားသည့်ဆံနွယ်မှာ လူငယ်တစ်ယောက်၏ ဟန်ပန်အပြည့်ဖြင့်။ ထိုဆံနွယ်တို့ကြားတွင် သေးငယ်သည့်ကျစ်ဆံမြီးတို့မှာ အဆင်တန်ဆာများကဲ့သို့။

ကျူးယန့်သည် သူ့ရှေ့ရှိထိုလူသား၏အလှအပတို့ကို မိန်းမောနေစဉ် ထိုလူသားမှာလည်း သူ့အား ခေါင်းအစခြေအဆုံး ကြည့်ကာငြိမ်သက်နေ၏။ ထို့ကြောင့် ကျူးယန့်သည် ခေါင်းလေးအနည်းငယ်ငုံ့သွားမိတော့သည်။ ထိုလူသား၏ "ရုပ်ဆိုးသည်" ဟူသောစကားလုံးကြောင့် ကျူးယန့်မှာ သူကိုယ်တိုင်သွေးထားခဲ့သော ကိုယ်ရည်ကိုယ်သွေးတို့သည် ‌ညချင်းပင်ပျောက်ကွယ်သွားခဲ့ရ၏။

"မင်းနာမည်ဘယ်လိုခေါ်လဲ"

"ကျောက်ယွမ်ကျိုး"

"လူနာမည်ကြီးရှိနေတာလား"

သူ့အား နှုတ်ခမ်းလေးစူပုပ်စွာဖြင့် မျက်မှောင်ကုတ်ကြည့်လာသည့် အနှီမိစ္ဆာကြောင့် ရိချန်သည် ခပ်ဖွဖွရယ်လိုက်မိ၏။

"အရင်ငါ့နာမည်ကကျူးယန့်"

"ဒါဆိုဘာလို့ကျောက်ယွမ်ကျိုးဖြစ်သွားတာလဲ"

"မင်းအပူပါလား"

ယခုတစ်ကြိမ်တွင်တော့ ရိချန်သည် ဟက်ပက်ပက်ရယ်လိုက်မိသည်။ ကျူးယန့်မှာတော့ ထိုလူသားအား မျက်စောင်းတို့တခဲခဲ။ ညကတည်းက ထိုလူအား ပစ်ထားခဲ့လိုက်ရမှာဟူ၍ သူတွေးမိနေတော့သည်။

"ငါ့နာမည်ကကျော်ရိချန်.. မင်းခေါ်ချင်ရင် ရှောင်ကျော်လို့ခေါ်ပေါ့"

"ရူးနေလို့ငါကမင်းကို ရှောင်ကျော်လို့ခေါ်ရမှာလား"

ကျူးယန့်၏တုံ့ပြန်မှုကို ရိချန်တစ်ယောက် ပြုံးရယ်လျက်သာ ကြည့်နေမိသည်။

ထိုနေ့မှစပြီး ရိချန်သည် ဒဏ်ရာအား အကြောင်းပြ၍ ကျူးယန့်အနားကပ်လိုက်၊ ကျူးယန့်သွားရာ‌နောက်လိုက်ကာ စကားများလိုက်၊ ကျူးယန့်အား စနောက်လိုက်ဖြင့် အချိန်တို့ကုန်ဆုံးသည်မသိ ကုန်ဆုံးလာတော့သည်။

သုံးလခန့်ကြာသော်

"ရှောင်ကျော်"

"ပြောလေ ယွမ်ကျိုး..."

"မင်းအိမ်ကိုမလွမ်းဘူးလား"

"ဘာလဲ ငါ့ကိုအိမ်ပြန်စေချင်နေပြီပေါ့"

ရိချန်နှင့်ကျူးယန့်တို့၏ဆက်ဆံရေးသည် စစတွေ့ချင်းတုန်းကထက် ပို၍ကောင်းမွန်လာခဲ့သည်။ ကျူးယန့်ဘက်မှရိချန်အား "ရှောင်ကျော်" ဟု ခေါ်လာသလို ရိချန်ဘက်မှလည်း ကျူးယန့်အား "ယွမ်ကျိုး" ဟု တရင်းတနှီးသုံးစွဲလာ၏။ နှစ်ယောက်သား၏အနေနီးစပ်မှုကြောင့် တစ်ယောက်မရှိတော့လျှင်တောင် နောက်တစ်ယောက်သည် မနေတတ်မထိုင်တတ်ပင် ဖြစ်လာကြ၏။ သို့သော် ကြောင်နှင့်ကြွက်လို ဖြစ်နေကြသေးသည်။

ရိချန်ဘက်မှစနောက်ကာ ပြန်ပြောလိုက်သော်လည်း ကျူးယန့်မှတိတ်ဆိတ်သွားသဖြင့် ကျူးယန့်၏လက်ကလေးကိုကိုင်ကာ သူ့ပါးနှင့်အပ်လိုက်ပြီး

"မင်းပြန်စေချင်ရင် ငါအခုချက်ချင်းပဲပြန်ပါ့မယ်"

ကျူးယန့်သည် သူ့အား ရီဝေစွာကြည့်လာသည့် ထိုမျက်ဝန်းပြာပြာတို့ကို ကြာရှည်စွာမကြည့်နိုင်ပါ။ ထို့ကြောင့် အကြည့်လေးလွှဲလိုက်ပြီး စကားဆိုလိုက်၏။

"ဖြစ်နိုင်ရင် ငါကမင်းကို ဒီမှာပဲတစ်သက်လုံးနေစေချင်တယ်"

"....."

ရိချန်ဘက်မှတိတ်ဆိတ်သွားသဖြင့် ကျူးယန့်သည် ရိချန်အား မော့ကြည့်လိုက်သည်။ အနှီလူသားမှာ သူနှင့်ပြုံးရယ်စွာ စနောက်ပျော်ရွှင်ကာ နေနေသော်လည်း ထိုလူသား၏နှလုံးသားတစ်နေရာတွင် တစ်စုံတစ်ခုကိုလျှို့ဝှက်ထားကြောင်း ကျူးယန့်ခံစားမိသည်။ သို့သော် ထိုအကြောင်းနှင့်ဆက်စပ်၍ သူတစ်ကြိမ်တစ်ခါမျှ ရိချန်အား မမေးခဲ့ဖူးပါချေ။

"ငါသိပါတယ် ဒါကမဖြစ်နိုင်ဘူးဆိုတာ... ငါဒီအတိုင်းပဲ မေးကြည့်..."

ကျူးယန့်တစ်ယောက် စကားပင်မဆုံးသေး။ ရိချန်မှ ရုတ်တရက်လုပ်လိုက်သည့်အပြုအမူကြောင့် မျက်ဝန်းလေးတို့ပြူးကျယ်လျက် ရိချန်ကိုသာ အံ့အားသင့်စွာကြည့်မိလိုက်သည်။ နှုတ်ခမ်းနှစ်ခု ထပ်တူကျသွားခြင်း။ ထိုလူသားသည် သူ့အား နမ်းရှိုက်လာသည်တဲ့လား။

ကျူးယန့်မျက်ဝန်းထဲမှ မျက်ရည်တို့ကျဆင်းလာမိသည်။ ထိုမျက်ရည်တို့သည် ဝမ်းနည်းမှုကြောင့်မဟုတ်သလို ထိတ်လန့်မှုကြောင့်လည်းမဟုတ်ပါ။

"ယွမ်ကျိုး... ငါတောင်းပန်ပါတယ်... ငါ‌မတော်တဆလုပ်လိုက်မိ..."

တစ်ဖန် ရိချန်၏စကားလုံးတို့အား နှုတ်ခမ်းလေးဖြင့်ပိတ်ဆို့လိုက်သည့်ကျူးယန့်။ ထို့နောက် ထပ်တူကျသွားသည့်နှုတ်ခမ်းနှစ်စုံအား ပြန်လည်ခွာကာ အသက်ခပ်ပြင်းပြင်းတစ်ချက်ရှူလိုက်၏။

"ငါ...ဒီအချိန်လေးကို‌..စောင့်နေခဲ့ရတာ..."

ကျူးယန့်သည် ပြောပြီးပြီးချင်း ရိချန်၏ရင်ခွင်ထဲသို့ တိုးဝင်သွားတော့သည်။ ဤလူသားနှင့် သူရှိနေခဲ့ရသည့်တစ်ချိန်လုံး ဤလူသားကသာ သူ၏‌ပျော်ရွှင်ခြင်း၊ နွေးထွေးရာရပ်ဝန်း၊ သူ၏ဒေါသ၊ စိတ်ဆိုးခြင်း၊ မာန်မာန၊ ဥပေက္ခာဖြစ်လာခဲ့၏။ တစ်စတစ်စတိုးလာသည့် မေတ္တာတရားကြောင့် ဤလူသား သူ၏နေရပ်သို့မပြန်သွားစေဖို့ကိုသာ ကျူးယန့်ဆုတောင်းနေခဲ့ရသည်။

ရိချန်သည် ရင်ခွင်ထဲရှိအနှီမိစ္ဆာအား လက်လေးဖြင့်ထွေးပွေ့ထားသော်လည်း စိတ်ထဲမကောင်းဖြစ်နေမိသည်။

'ကိုယ်တောင်းပန်ပါတယ် ယွမ်ကျိုး...'

သူလုပ်တော့မည့်ကိစ္စကြောင့် စိတ်ထဲတွင်သာ ကျူးယန့်အား တောင်းပန်နေတော့သည်။

___________

ရိချန်နှင့်ကျူးယန့်တို့နှစ်ယောက် အိမ်ရှေ့ကွပ်ပျစ်ခေါ် သစ်သားတုံးပေါ်တွင် ထိုင်လျက်လေးဖြင့် ညကောင်းကင်ကြီးအား မော့ကြည့်ကာ ညအလှကိုရှူစားနေကြသည်။ ကျူးယန့်သည် ရိချန်၏ပခုံးပေါ်သို့ ခေါင်းလေးမှီလျက် စကားစလာသည်။

"ရှောင်ကျော်..."

"အင်း"

"မင်းကလေးချစ်လားဟင်"

ကျူးယန့်မှ ရုတ်တရက်မေးလာသဖြင့် ရိချန်သည် မျက်လုံးတို့ပြူးကျယ်ကာ

"ဘာကိုပြောချင်တာလဲ ယွမ်ကျိုး"

မျက်ခုံးလေးတို့တွန့်ချိုးလျက် သူ့အား နားမလည်နိုင်စွာကြည့်လာသည့် ရိချန်ကြောင့် ကျူးယန့်သည် အပြုံးလေးဖြင့်ပြုံးပြလိုက်ပြီး ရိချန်၏လက်လေးအား သူ့ဝမ်းဗိုက်ပေါ်သို့ တင်ပေးလိုက်သည်။

"ရှောင်ကျော်... ငါတို့နှစ်ယောက် မိဘတွေဖြစ်တော့မှာ"

ကျူးယန့်သည် ပျော်ရွှင်စွာဖြင့်ပြောနေသော်လည်း ရိချန်မှာတော့ မတုန်မလှုပ် ငြိမ်သက်နေသည်။

"ရှောင်ကျော်?"

ကျူးယန့်လည်း အမူအရာပျက်နေသည့်ရိချန်ကြောင့် စိုးရိမ်စွာဖြင့် ရိချန်၏လက်မောင်းအား လှုပ်ကိုင်ကာ အသံပြုလိုက်သည်။

"ဒါပေမဲ့...မင်းကယောက်ျားလေးလေ"

ယခုမှသာ အသံထွက်လာသည့်ရိချန်ကြောင့် ကျူးယန့်လည်း စိတ်ပူပန်နေရာမှ သက်ပြင်းချလိုက်မိသည်။ သူယောက်ျားလေးဖြစ်နေ၍ သန္ဓေမတည်နိုင်ဟု တစ်ဖက်ရှိလူသားလေးက မှတ်ထားသတဲ့လား။ ဟုတ်နိုင်ပါသည်လေ။ သူလည်း တစ်ကြိမ်တစ်ခါမျှထိုအကြောင်းကို ပြောပြဖူးသည်မဟုတ်။

"မိစ္ဆာဆိုတာကိုလည်း မင်းမေ့နေပုံပဲ ရှောင်ကျော်..."

ကျူးယန့်သည် သူ့ဝမ်းဗိုက်ပေါ်ရှိ ရိချန်၏လက်ပေါ်သို့ သူ့လက်ကလေးထပ်ကာ ပြောလိုက်၏။ ထိုစဉ် သူခံစားမိလိုက်သည်က ရိချန်၏အေးစက်နေသောလက်တစ်ဖက်။

"ရှောင်ကျော်...အဆင်ပြေရဲ့လားဟင်"

"ငါ..နည်းနည်း ဖျားချင်သလိုဖြစ်နေလို့ အရင်ဝင်နှင့်တော့မယ်"

ရိချန်တစ်ယောက် ထိုသို့ပြောပြီးပြီးချင်း သူ့လက်အား ကျူးယန့်၏ဝမ်းဗိုက်ပေါ်မှဖယ်ရှားလိုက်ကာ အိမ်ထဲသို့ ဝင်သွားတော့သည်။ ကျန်ခဲ့သည့် ကျူးယန့်မှာတော့ စိတ်ထဲမကောင်းဖြစ်သွားမိ၏။

'ကြည့်ရတာ ဖေဖေ့အပြစ်ထင်ပါတယ် ကလေးရယ်'

သူ့ဝမ်းဗိုက်ကလေးကိုပွတ်သပ်ကာ ကျူးယန့်တစ်ယောက် စိတ်ထဲမှပဲ ပြောလိုက်မိ၏။ မျက်ရည်တစ်ပေါက်မှာလည်း သူမသိလိုက်ခင်တွင် ကျဆင်းလျက်သား။

_________

"ရှောင်ကျော်!!!"

မိစ္ဆာတောအုပ်တစ်ခုလုံး မီးဟုန်းဟုန်းတောက်ကာ လောင်ကျွမ်းနေသည့်ကြားတွင် တိုက်ခိုက်နေကြသည့် လူသားများနှင့်မိစ္ဆာတို့ကြောင့် ကျူးယန့်သည် ဝမ်းဗိုက်ကလေးကိုကိုင်ကာ ရိချန်အား ရှာနေ‌လျက်ရှိသည်။ အနားသို့ကပ်လာသည့် လူသားတို့ကိုလည်း သူ၏မိစ္ဆာအစွမ်းတို့ဖြင့် တိုက်ခိုက်နေရသေး၏။

ထိုစဉ် အပြာရောင်လျက်ခနဲတောက်ပသွားသဖြင့် ကျူးယန့်တစ်ယောက် ဝမ်းသာအားရဖြင့် ထိုနေရာသို့သွားလိုက်သော် ရိချန်သည် မိစ္ဆာတို့အထွတ်အမြတ်ထားသည့် ကြာပန်းဖြူအား သူ၏တိမ်လွှာအလင်းဓါးဖြင့် ပိုင်းဖြတ်ခူးယူလိုက်ပြီး သူ့အ‌နောက်ဘက်ရှိလူသားအား ကမ်းပေးလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

"ရှောင်ကျော်...မင်းဘာလုပ်နေတာလဲ..."

ကျူးယန့်မှာ နှုတ်ခမ်းဖျားလေးတို့တုန်ယင်လျက် ရိချန်အနားသို့ တဖြည်းဖြည်းကပ်ကာ မေးလိုက်၏။ ရိချန်အနားရှိလူသားသည် ကျူးယန့်အား တိုက်ခိုက်မည်ပြုလိုက်စဉ် ကျူးယန့်၏မိစ္ဆာအစွမ်းကြောင့် နှလုံးတစ်ခုလုံးပေါက်ကွဲသွားကာ အသက်ထွက်သွားရသည်။

"ယွမ်ကျိုး..."

"ငါမင်းကိုဘာလုပ်နေတာလဲလို့မေးနေတယ်လေ!!!"

ခန္ဓာကိုယ်တစ်ခုလုံး အနီရင့်ရောင်မိစ္ဆာအစွမ်းတို့ဖြင့် ဝန်းရံနေပြီး လက်ထဲတွင်လည်း ထီးတစ်ချောင်းပေါ်လာသည့်ကျူးယန့်။ မျက်ရည်တို့မှာ ပါးပြင်ထက်မှ အလိုက်မသိစွာကျဆင်းနေသေး၏။

ရိချန်သည် သေဆုံးသွားသည့်လူသား၏လက်ထဲမှ ကြာပန်းဖြူကိုကောက်ယူလိုက်ကာ မည်သည့်စကားမျှမပြောဘဲ အေးစက်တည်ငြိမ်နေသည်။

"ငါ့အပေါ်...မင်းလုပ်ရက်လိုက်တာ..."

ကျူးယန့်တစ်ယောက် ပြောပြောဆိုဆိုပင် ထီးအောက်ပိုင်းရှိဝင်ရိုးထဲမှ ဓါးတစ်ချောင်းဆွဲထုတ်လိုက်ပြီး ရိချန်ဘက်သို့ပစ်သွင်းလိုက်သည်။ သို့သော် ထိုဓါးအား တစ်ဖက်ရှိမြှားတစ်စင်းမှ တားမြစ်လိုက်သဖြင့် ရိချန်၏ရင်ဘတ်ထဲသို့ ထိုးစိုက်မသွားချေ။

ကျူးယန့်သည် သူ့အား တားမြစ်လာသည့်ထိုအမျိုးသမီးကြောင့် ပိုမို၍ဒေါသထွက်လာကာ တစ်ခုခုလုပ်ရန်ပြင်လိုက်စဉ် အမည်မသိအမှုန့်များဖြင့် အဖြန်းခံလိုက်ရ၏။

"ရှောင်ကျော်!! မြန်မြန်!!"

ဝမ်ရှောင်းသည် ရိချန်၏လက်ကိုဆွဲကိုင်ကာ ကျူးယန့်နှင့်ဝေးရာဆီသို့ ပြေးထွက်သွား၏။ ဖေစီးကျင့်လည်း ဝမ်ရှောင်းအနောက်သို့ လိုက်သွားတော့သည်။ ရိချန်မှာတော့ မိစ္ဆာဆေးမှုန့်ကြောင့် မျက်လုံးတို့မဖွင့်နိုင်သေးသည့်ကျူးယန့်အား လှည့်ကြည့်လှည့်ကြည့်ဖြင့် ဝမ်ရှောင်းဆွဲခေါ်ရာနောက်သို့ ပါသွားသည်။

"မင်းတို့ကို ငါဒီအတိုင်းလွှတ်ပေးလိုက်မယ်ထင်နေတာလား!!!"

ကျူးယန့်သည် မျက်ဝန်းတို့အား အတင်းအကျပ်ပွင့်စေသဖြင့် မျက်ထောင့်စွန်းတို့တွင် သွေးချင်းချင်းရဲလို့နေပြီဖြစ်၏။ ထို့နောက် ကြာပန်းဖြူကိုကိုင်ကာ မိစ္ဆာနယ်မြေနှင့်လူ့လောကအကြား တားထားသည့်စည်းနေရာဆီသို့ ဦးတည်ပြေးနေသည့်ရိချန်တို့အနောက်သို့ လျင်မြန်စွာပြေးလိုက်တော့သည်။

သို့သော် ကျူးယန့်တစ်ယောက် မှီခါနီးလေးတွင် ရိချန်တို့သုံးယောက်သည် တစ်ဖက်ခြမ်းလူ့လောကဘက်သို့ အချိန်မှီရောက်သွား၏။ ကျူးယန့်လည်း ထိုဘက်ခြမ်းသို့ သွားမည်လုပ်လိုက်စဉ် သူ့အသားတစ်ခုလုံးသည် မီးစနှင့်အထိုးခံလိုက်ရသကဲ့သို့ ပူလောင်ကာ ခန္ဓာကိုယ်တစ်ခုလုံး လွင့်စင်ထွက်သွားတော့သည်။

"ယွမ်ကျိုး!!!"

"ရှောင်ကျော်!! မသွားနဲ့!!"

ဝမ်ရှောင်းနှင့်ဖေစီးကျင့်တို့နှစ်ယောက် ရိချန်အား ဆွဲလျက်တားမြစ်နေရ၏။

"ရှောင်ကျော်..."

မြေပြင်ပေါ်တွင် လှဲလျောင်းလျက်လေးဖြင့် ခန္ဓာကိုယ်တစ်ခုလုံးလည်းနာကျင်လျက် တစ်ဖက်ခြမ်းရှိ ရိချန်ကိုကြည့်ကာ မျက်ရည်တို့ကျနေတော့သည့် ကျူးယန့်။

"မသွား...ပါနဲ့..."

ကျူးယန့်သည် နောက်ဆုံးအနေဖြင့် ရိချန်အား တားမြစ်လို့နေသည်။ သို့သော် တစ်ကိုယ်လုံးအားအင်မရှိတော့သဖြင့် သူ၏ရင်သွေးလေးရှိရာ ဝမ်းဗိုက်အား လက်ဖြင့်ထိတွေ့လိုက်ပြီး

"ငါတို့ရဲ့..ကလေးကို... နာမည်‌ပေးရ...ဦးမယ်လေ.."

ထိုသို့ပြောပြီးနောက် ကျူးယန့်သည် မြေပြင်ပေါ်သို့ခေါင်းလေးအပ်လျက် သတိလစ်မေ့မြောသွားတော့သည်။

"ယွမ်ကျိုး... ကိုယ်တောင်းပန်ပါတယ်..."

တစ်ဖက်ခြမ်းရှိ ရိချန်သည်လည်း ကြာပန်းဖြူကိုပွေ့ပိုက်ကာ ငိုကြွေးနေမိ၏။

အစ်ကိုဖြစ်သူနှင့်ဖခင်ဖြစ်သူတို့အား ကယ်တင်နိုင်ရန် လိုအပ်နေသည့်ပစ္စည်းအား သူကိုယ်တိုင်ကိုယ်ကျ လာရှာခဲ့ခြင်းဖြစ်သည်။ ထိုနေ့ညက သူ့အား လိုက်ဖမ်းကြသည့်လူအုပ်မှာလည်း သူ၏လက်အောက်ငယ်သားတို့ပင်ဖြစ်သည်။ ထိုသို့ဖြစ်အောင်လည်း သူကိုယ်တိုင်စီစဉ်ခဲ့ခြင်းဖြစ်ပြီး နယ်နိမိတ်စည်းအား စောင့်ရှောက်သည့်မိစ္ဆာ၏ အကြင်နာတရားအား ရရှိရန်လည်းဖြစ်သည်။

ရည်ရွယ်ချက်ရှိရှိ ကျူးယန့်အနားသို့ကပ်ခဲ့ပြီး ကျူးယန့်သွားရာနောက် လိုက်ခဲ့ကာ ကြာပန်းဖြူတည်နေရာကို ရှာဖွေနေခဲ့ရသည်။ သို့သော် သူမသိလိုက်သည်က အနှီမိစ္ဆာအနားတွင် နေတာကြာလာသည်နှင့်အမျှ တဖြည်းဖြည်းမေတ္တာသံယောဇဉ်တို့လည်း ကပ်တွယ်လာသည်ကိုပင်။

ထိုနေ့တွင် သူ့ဘက်မှစတင်နမ်းရှိုက်လိုက်ခြင်းမှာလည်း ဟန်ဆောင်နေခြင်းမဟုတ်ခဲ့ပေ။ ကျူးယန့်အပေါ်ထားသည့် သူ၏ချစ်ခြင်းမေတ္တာသည် အတိုင်းအဆမရှိကြီးထွားလာခဲ့သော်လည်း ဖြစ်ချင်တာထက် ဖြစ်သင့်သည်ကိုဦးစားပေးကာ ရိချန်သည် လုပ်သင့်လုပ်ထိုက်သည်တို့ကိုသာ ဆက်လက်လုပ်ခဲ့သည်။

ထိုအချိန်သည် ကျူးယန့်ဘက်မှ ၎င်းတို့နှစ်ယောက်၏ရင်သွေးလေး ရှိနေပြီဖြစ်ကြောင်း ထုတ်ဖော်မပြောခင်အထိဖြစ်၏။ ရိချန်သည် ကျူးယန့်တွင် သူ၏ရင်သွေးလေးရှိနေကြောင်း သိလိုက်ရချိန်၌ ထိန်းမရနိုင်သည့်ပျော်ရွှင်ခြင်းနှင့်အတူ ယူကြုံးမရစွာဝမ်းနည်းခြင်းမှာလည်း နှလုံးသားထဲမှ ရှိုက်တက်လာခဲ့၏။ ထို့ကြောင့်လည်း ထိုညတွင် ရိချန်သည် ကျူးယန့်အနားမှ ထထွက်လာပြီး အိမ်ထဲသို့ဝင်ဝင်ချင်း တံခါးပိတ်ကာ တိတ်တဆိတ်ငိုကြွေးခဲ့ရသည်။

"ကိုယ့်ကိုခွင့်မလွှတ်ပါနဲ့ ယွမ်ကျိုး..."

ထိုစကားသည် ရိချန်မှနောက်ဆုံးအကြိမ် ကျူးယန့်အား ပြောဖြစ်သည့်စကားလုံးလေးပင်။ သို့သော် သတိလစ်နေသည့်ကျူးယန့်တစ်ယောက် ထိုစကားအား ကြားနိုင်ပါဦးမည်လား။

___________

"ကျူးယန့်"

"......."

"မင်းအဲ့လိုပဲနေတော့မှာလား"

"......."

"မင်းစောင့်နေတော့ရော သူကပြန်လာမှာတဲ့လား"

"........"

လီလွင်သည် ကျူးယန့်ကိုကြည့်ကာ ဂရုဏာဒေါသထွက်လာတော့သည်။ ထို့ကြောင့် ကျူးယန့်အား ပခုံးထက်မှဆွဲကိုင်လိုက်ပြီး သူနှင့်မျက်နှာချင်းဆိုင်လိုက်သော် အနှီသူမှာ မျက်ရည်တို့ကျဆင်းလျက်သားရှိနေကြောင်း လီလွင်မြင်လိုက်ရ၏။

"မင်းစိတ်ကို မင်းထိန်းဦး... သူ့လိုလူယုတ်မာက မင်းနဲ့တန်လို့လား ဟမ်!!"

"လီလွင်..."

ကျူးယန့်သည် သူ၏ပူတင်းနေသည့်ဗိုက်ကလေးကိုကိုင်ကာ ပြောလာ၏။

"မင်းရဲ့နယ်မြေဘက်ဆီပြန်ပါတော့... ငါအဆင်ပြေပါတယ်..."

မျက်ရည်တို့ကိုလက်ခုံလေးဖြင့်သုတ်ကာ ပြုံးရယ်ပြလာသည့်ကျူးယန့်ကြောင့် လီလွင်တစ်ယောက် စုပ်တစ်ချက်သပ်လိုက်ပြီး ထိုနေရာမှထွက်သွားတော့သည်။

ကျန်နေခဲ့သည့်ကျူးယန့်မှာတော့ ထိုနယ်နိမိတ်စည်းအား တောင်ပေါ်မှတစ်ဆင့်လှမ်းကြည့်ကာ ပြန်လာဖို့ရန်မဖြစ်နိုင်သည့်သူအား စောင့်မျှော်လို့နေ၏။

"ကလေးရေ... ဒီနေ့လည်း မင်းရဲ့ဖေဖေ ပြန်မလာဘူးထင်ပါရဲ့"

သူ၏ဗိုက်ကလေးအား ငုံ့ကြည့်လျက် လက်လေးဖြင့်ပွတ်သပ်ကာ ပြောနေသည်မှာ မြင်ရသူအဖို့ ကြေကွဲစရာပင်။

ကျူးယန့်သည် နေ့စဉ်နေ့တိုင်း ထိုနေရာတွင် ရိချန်အား စောင့်မျှော်၏။ ရိချန်သည် သူ့အား အမှန်တကယ်ချစ်မြတ်နိုးကြောင်း သူယုံကြည်ပြီး ရင်သွေးလေးနှင့်သူ့အား မထားသွားကြောင်းကိုလည်း ယုံကြည်မိသည်။ ရိချန်သည် အကြောင်းကိစ္စတစ်ခုခုကြောင့်သာ ထိုကြာပန်းဖြူကိုယူသွားကြောင်းလည်း ကျူးယန့်ခန့်မှန်းမိ၏။ ထို့ကြောင့် ရိချန်ပြန်အလာကိုသာ သူစောင့်မျှော်နေမိသည်။

သို့သော် ရက်အချီချီ လအလီလီ သူစောင့်မျှော်နေခဲ့သော်လည်း ရိချန်သည် ရောက်မလာခဲ့ပါ။ ယခုဆိုလျှင် သူ၏ဗိုက်ကလေးသည် တဖြည်းဖြည်းပူတင်းလာသည်မှာ မွေးခါနီးဖွားခါနီးကဲ့သို့။ နေစောင်းလာပြီဖြစ်၍ ကျူးယန့်သည် ရင်သွေးလေး အအေးပက်မည်ကိုစိုးရိမ်သောကြောင့် ထိုနေရာမှထကာ ပြန်ရန်ပြင်လိုက်စဉ်

"ယွမ်ကျိုး..."

အသံကြောင့် ကျူးယန့်၏ခြေလှမ်းတို့ ရပ်တန့်သွားရသည်။ မယုံကြည်နိုင်ဖွယ်ဖြစ်သွားသော်လည်း သူသိပ်သိသည်။ ဤအသံသည် သူအကြားချင်ဆုံး လူသား၏အ‌သံလေး။ ရင်သွေးလေး၏ ဖခင်ဖြစ်သူအသံလေး။

မျက်ဝန်းထဲတွင် မျက်ရည်တို့ပြည့်နှက်စွာဖြင့် သူလှည့်ကြည့်လိုက်သည်။ သူ့အား အရင်အတိုင်း လှပစွာပြုံးရယ်ပြလာသည့် ထိုသူ။ ယခုအပြုံးမှာတော့ မည်သည့်အပူအပင်မျှမရှိဘဲ အရာအားလုံး ပကတိအေးချမ်းလျက်သား။

ဝမ်းသာစွာဖြင့် ကျူးယန့်သည် နှုတ်ခမ်းဖျားမှ စကားလုံးလေးတစ်ခု ခပ်တိုးတိုးထွက်ကျလာသည်။ ထိုစကားလေးမှာ

"ရှောင်ကျော်"

----The End----