Work Text:
တစ်ခေါက်လည်းမဟုတ် နှစ်ခေါက်မဟုတ်။
Yongseung ရဲ့စားပွဲခုံပေါ်မှာ ကပ်ထားတဲ့ ရောင်စုံစာရွက်တွေ ၊ တရားခံကတော့ နောက်က ကြည့်ပြီးရယ်နေမှာပေါ့။
အရိပ်ကျတဲ့ နောက်ဆုံးတန်းမှာ ထိုင်နေတဲ့ Yeonho ဆီ စူးစူးစိုက်စိုက် ကြည့်ပေးလိုက်တယ်။
Yeonho ကတော့ သွားတက်နှစ်ချောင်းလုံးပေါ်အောင် ပြန်ရယ်ပြတယ်လေ။
--
ဘာဖြစ်ချင်နေမှန်းမသိတဲ့သူတစ်ယောက်နဲ့ ကြုံလာတာ နှစ်နှစ်ရှိခဲ့ပြီ။ ဇာတ်လမ်းတွေထဲက အနိုင်ကျင့်တဲ့ကောင်တွေနဲ့ အပြင်က အနိုင်ကျင့်တဲ့ကောင်နဲ့ ကွာတဲ့တစ်ချက်တည်းသော တစ်ခုက ဒီကောင်က ဘာဖြစ်ချင်နေမှန်းမသိတာပဲ။
သူ့စားပွဲခုံပေါ်မှာ Post it note တွေအများကြီးကပ်တယ် ၊ အပေါ်မှာလည်း လွဲနေတဲ့ သင်္ချာပုစ္ဆာအဖြေတွေ ရေးတွက်ထားသေးတယ်။
သူ့လွယ်အိတ်ထဲကို ကျောက်တုံးတွေ လာလာထည့်တယ်။ အရောင်ကိုစုံနေရောပဲ။
ထမင်းစားချိန်ကျရင် ထမင်းဘူးထဲက ပဲသီးတောင့်တွေ အတင်းလုစားတယ်။ တကယ်တော့ သူကောင်းကောင်းတောင်းလည်း yongseung က ကျွေးလိုက်မှာပါ။ ဒါပေမဲ့...
ဒါပေမဲ့ Yeonho ကိုက ကြည့်ရတာ အနိုင်ကျင့်တဲ့ကောင် ဇာတ်ရုပ်ကို စွဲလမ်းနေပုံပဲ။
အနိုင်ကျင့်တာ တော်တော်လေး ညံ့ပေမဲ့လို့ပေါ့လေ။ ကြောက်စရာမကောင်းတဲ့ မျက်နှာနဲ့တင်ပဲ Kim yongseung ဘာမှကို ပြန်အဖက်မလုပ်ချင်တော့တာပါ။ အနည်းဆုံးတော့ အနိုင်ကျင့်ခံ အပယ်ခံလေးဖြစ်သွားတော့ scholarship essay ရေးရင် ရေးစရာရှိသွားတာပေါ့။
ကျောင်းမှာ စာလုပ်ချိန် ဖုန်းထုတ်သုံးနေတုန်း သူ့ ဖုန်းထဲကို kakaotalk ကနေ စာဝင်လာတယ်။
Profile ကို ကြည့်ကတည်းက ဘယ်သူမှန်းသိပေမဲ့လည်း ဖွင့်ကြည့်မိလိုက်တဲ့သူကိုက မှားတာပါ။
စာမပါ ၊ ဓာတ်ပုံကို Snapchat filter နဲ့ သူ့ကို
ခွေးနားရွက်တပ်ပေးထားတဲ့ပုံတစ်ပုံတည်းပို့လာတာ။
သူ့ကို ခိုးရိုက်တဲ့ ပြစ်မှုကလွဲလို့ ဒါက ဘယ်နားက...
အနိုင်ကျင့်တာလဲ။
အနိုင်ကျင့်တာကို မှန်မှန်ကန်ကန်လုပ်နိုင်အောင်သာ ပြန်သင်ပေးလိုက်ချင်မိတယ်။ တစ်နေ့တစ်နေ့ စာမလုပ်ဘဲ ရုပ်ရှင်တွေပဲ ထိုင်ကြည့်နေတဲ့ Ju yeonho က ကျောင်းက အနိုင်ကျင့်တဲ့ကောင်တွေ ဘယ်လိုလုပ်လဲ တကယ် မလေ့လာနိုင်တာလား။
Kakaotalk Profile ကို blacklist ထဲထည့်ပြီး ဖုန်းပိတ် စာပဲဆက်လုပ်နေလိုက်တော့တယ်။
သူ့ဘေးက လွတ်နေတဲ့ ခုံကို တစ်ယောက်ယောက်ဆွဲပြီး ထိုင်လိုက်တဲ့အသံကြားရတယ်။ Ju Yeonho မှန်းသိပေမဲ့ သူက ဘာလုပ်ပေးရမှာတုန်း။
ဘာများလုပ်လာမလဲလို့ မျှော်လင့်တကြီးစောင့်နေပေမဲ့ သကောင့်သားက ထိုင်ခုံတွေ ဆက်ပြီး ပက်လက်ကြီး အိပ်နေလေရဲ့။
အနောက်တန်းမှာအိပ်လည်းရတာကို ဘာဖြစ်လို့ ရှေ့ထိ တကူးတကလာအိပ်တာလဲဆိုတာကတော့ ကာယကံရှင်ပဲသိမှာပေါ့။
ဘာလို့လဲမသိ ၊ နောက်တစ်ခေါက် မနေနိုင်မထိုင်နိုင် Yeonho ဘက်ကို တစ်ချက်ထပ်ကြည့်လိုက်တော့ မျက်လုံးမှိတ်ပြီးအတည် အိပ်နေတယ်။ ခေါင်းပြန်လှည့်ရုံရှိသေး သူ့ ထိုင်ခုံဘောင်ကို လက်ချောင်းရှည်ရှည်တွေက ဆွဲသွားပြီး သူပါ ခုံနဲ့အတူတူ ဘေးရွေ့သွားတယ်။
ပြီးတော့ Ju yeonho က သူ့ပေါင်ပေါ် ခေါင်းခုပြီး အသံမထွက် အိပ်သွားတယ်လေ။
အခန်းထဲမှာ ပြတင်းပေါက်ကလာတဲ့ ညနေခင်း လေပြည်နဲ့ အအေးဓာတ်ရှိနေပေမဲ့ Yongseung ကတော့ အသက်ရှူဖို့ အောင့်ထားမိပြီး ချွေးပါပျံလာတယ်။
Ju Yeonho အနိုင်ကျင့်တတ်လာပြီပဲ။
--
အဲဒီနောက်ပိုင်းကတော့ စာလုပ်ချိန်တွေဆို Yeonho က သူ့ဘေးနားလာတယ် ၊ အိပဲ့အိပဲ့ ဟိုလုပ်ဒီလိုလုပ်နဲ့ နောက်ဆုံးကျ လှဲအိပ်သွားတာချည်းပဲ။
ထမင်းစားချိန်မှာလည်း အရင်ကလိုပဲ မခေါ်ဘဲ ဘေးမှာလာထိုင်တယ်။ ပဲသီးတောင့်အစိမ်းတွေကို နှိုက်စားတယ်။ စာသင်ချိန်မတိုင်ခင် အခန်းထဲပြန်ပြီး Post it note တွေ သူ့စားပွဲခုံပေါ်လာကပ်တယ်။ ပုံလျှောက်ဆွဲထားတာတွေရယ် ၊ အဖြေမှားနေတဲ့သင်္ချာပုစ္ဆာတွေရယ်ပါပဲ။
ဒီနေ့ နှစ်ဝက်စာမေးပွဲ ရလဒ်တွေသိရတယ်။ Ju yeonho ကတော့ မထူးမခြား ဒီအတိုင်းပဲ လုပ်မြဲလုပ်ဆဲ။ ဒါပေမဲ့ ထမင်းဘူးထဲက ပဲသီးတောင့်တွေ နှိုက်စားပြီးတော့ သူ့ကို ပလတ်စတစ်အိတ်လှလှလေးနဲ့ထုတ်ထားတဲ့ ကွတ်ကီးတစ်ချပ်ပေးသွားတယ်။
"ဒါဘာလဲ"
"ပေါင်မုန့်ဆိုင်က အမ်းဖို့အကြွေမရှိလို့ ပေးတာ ၊ မင်းစားလိုက်"
"..."
သူ ဒီနေ့ လပတ်စာမေးပွဲမှာ အဆင့်တစ်ရတယ်။
--
"Ju yeonho မင်း စာမေးပွဲဖြေနိုင်လား"
ဘေးမှာ လာအိပ်ဖို့ပြင်နေတဲ့သူကို မေးလိုက်တော့ ရှုံ့မဲ့ပြတယ်။ 'မဆိုးပါဘူး' တဲ့။
"မင်းနားမလည်တာ ရှိရင် ငါစာရှင်းပေးမယ်လေ.."
"အဲဒါကြောင့် ဆက်ပြီး ပဲသီးတောင့်တွေမစားပေးနဲ့တော့"
"ငါ စာရပါတယ်နော်"
Ju yeonho က မကျေနပ်နဲ့ ပြန်ပက်လိုက်သေးတယ်။
လွယ်အိတ်ထဲမှာ အကြည်ရောင် ဇစ်အိတ်တစ်ခုနဲ့ ထည့်သိမ်းထားတဲ့ post it note တွေကို ထုတ်ပြလိုက်တော့ Ju Yeonho အံ့ဩသွားပုံပေါ်တယ်။
"မင်း အဲဒါတွေကို သိမ်းထားတယ်လား"
"ဒီထဲက တစ်ပုဒ်မှတောင် မှန်တာမရှိတာကို"
Ju Yeonho က စားပွဲပေါ် မေးထောက်တင်ရင်း သူ့ကို စိုက်ကြည့်ပြီး ခပ်တိုးတိုးပြန်ပြောတယ်။
"တမင်မှားအောင် တွက်ထားတာလေ"
"မယုံပါဘူး ဟုတ်လို့လား"
"ဒီတိုင်း မင်းစိတ်ညစ်သွားအောင် တကယ်တမင်မှားတွက်တာပါဆို"
တကယ်ကို မကျေမချမ်းဖြစ်လာတဲ့ Ju Yeonho ကြောင့် ရယ်ချင်မိပေမဲ့ အနိုင်ကျင့်သူကြီးကို မလှောင်ချင်တာကြောင့် ထိန်းထားလိုက်ပါတယ်။ သူပြောတော့လည်း ယုံရတာပေါ့။
Ju Yeonho က သူ့ပေါင်ပေါ် ခေါင်းခုမအိပ်တော့ဘဲ စားပွဲပေါ်မှာပဲ လက်မောင်ချပြီး ဟိုဘက်ကို ခေါင်းလှည့်အိပ်သွားတယ်။
နောက်ကနေ ကြည့်နေရတဲ့ အဲဒီခေါင်းထဲမှာ ဘာတွေတွေးနေလဲမသိပေမဲ့ သူသိချင်မိတာကတော့ Ju Yeonho က သူစာမေးပွဲမှာ အဆင့်တစ်ရတဲ့အတွက် ကွတ်ကီးပေးခဲ့တာလားဆိုတာပဲ။
Ju Yeonho ဆီက အနိုင်ကျင့်ခံရတာ သိပ်မဆိုးလှပါဘူးလို့ တွေးမိသွားတယ်။
